ပြည်ထောင်စု၏ ဗိသုကာ (သို့မဟုတ်) လွတ်လပ်ရေး ဗိသုကာ
စာရေးသူ – ခိုင်လင်း (မေဃဝတီ)
၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ တနည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ (၇၁) နှစ် ကြာခဲ့ပါပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့ သမိုင်းတွေဟာ ဘယ်လောက်ဘဲကြာကြာ ဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲ ဖြစ်ပါ တယ်။
ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့ သမိုင်းအဖြစ် ရှိနေအုံးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်၊ ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်လို့ စာရေးဆရာ ပါရဂူ ဆရာတစ်ဦးက ၁၉၉၆ စစ်တွေ စာပေဟောပြောပွဲတခုမှာ “လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော် ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မရရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် တိုက်ပွဲဝင်တဲ့ ဆရာတော် နှစ်ပါးရှိပါတယ်။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိတဲ့အတိုင်း ရွှေတိဂုံဘုရား ရှေ့မှာ ကြေးရုပ်တုလုပ်ပြီးထားတယ်၊ နောက်တစ်ပါးက ဆရာတော် ဦးဥတ္တမ၊ ဆရာတော်ဦးဥတ္တမဟာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်၊ ဒါပေမယ့် အသိအမှတ် မပြုခဲ့ကြဘူး။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တော်မင်း ပန်းခြံကို ဦးဥတ္တမပန်းခြံ လုပ်ပြီးတော့ ပန်းခြံထဲမှာ ဦးဥတ္တမကျောက်ရုပ်တု ထားရှိဖို့ အစီအစဉ်ရှိတယ်၊ ကျောက်ရုပ်ထုတောင် ထုလို့ပြီးနေပြီ။ အဲဒါ ဘယ်လိုဖြစ်သွားလဲ မသိဘူး။ ဖြစ်မလာခဲ့ဘူး။ ဆရာတော် ဦးဥတ္တမ ကျောက်ရုပ်တုဟာ နှစ်တွေ ကြာလာတဲ့အခါမှာ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ ကျွန်တော် ဦးဟန်တင်အိမ်ကို ရောက်ဖြစ်ခဲ့တယ်။ ကိစ္စက အိန္ဒိယ သာသနပြု ဆရာတော် စန္ဒြာမုနိရုပ်တု ကြောင့်ပါ။
အဲဒီညနေခင်းက ဘုရားကြီးမှာ ဆရာတော် စန္ဒြာမုနိရုပ်တုကို တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီမှာ ကျွန်တော်လည်းပဲ ပါခဲ့တယ်။ အဲဒီ ရုပ်တုကို အိန္ဒိယကို ပို့မယ်၊ ဒါပေမယ့် ပို့လို့မရတာ ကြောင့် ဒီမှာထားတာ ဖြစ်ပါတယ်။ ဆရာတော်ဦးဥတ္တမ ရုပ်တုလည်း ဒီအတိုင်းရှိမယ်ထင်တယ်။ “နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့် အသိအမှတ် မပြုသလဲ၊ ကျနော် လေ့လာဖူးသလောက် ပြောရရင် ရခိုင်တွေကတော့ ဆရာတော် ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ ခံယူကြတယ်။
ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ တကယ့်တော့ ရခိုင်လူမျိုးတွေကပါ သိပ်ပြီးတော့ အသိအမှတ် ပြုချင်ကြတာ မဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေအတွက် မလုပ်ခဲ့လို့တဲ့။ အဲဒီအချိန်တုံးက ရခိုင်လူမျိုးတွေဟာ နှစ်ထပ်ကွမ်း ကိုလိုနီဘ၀ပါ။ (၁၇၈၄) မှာ ရခိုင့်နိုင်ငံတော်ဟာ မြန်မာ (ဗမာ) နိုင်ငံက ၀င်ရောက် သိမ်းပိုက်မှုခံခဲ့ရတယ်။ ဆရာတော် ဦးဥတ္တမကို (၁၇၈၉) မှာ မွေးတယ်။ ဆရာတော်ကို မွေးဖွားလာတဲ့ အချိန်မှာ ရခိုင်တွေ ကိုလိုနီဘ၀မှာ (၉၅) နှစ်ဘဲ ရှိပါသေးတယ်။ (၁၇၈၄) ကို အခြေခံပြီး တွက်ရင် ဆရာတော် ဦးဥတ္တမက တတိယမျိုးဆက်မှာ မွေးဖွားလာတဲ့သူ၊ ပြောရရင် ဆရာတော့်အဖိုး ကိုယ်တိုင် ရခိုင်တွေရဲ့ ထီးကျိုးစည်ပေါက် ကိုယ်တွေ့ အတွေ့အကြုံတွေကို မြေးဖြစ်သူကို ပြောဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ ထင်ပါတယ်၊ ဆရာတော်ဟာ ရခိုင်တွေရဲ့ နှစ်ထပ်ကွမ်း ကိုလိုနီ ဘ၀က လွတ်မြောက်ရေး တခုတည်းကို မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ ရခိုင့်နိုင်ငံတော် ကိုလိုနီဘ၀က လွတ်မြောက်ရေးထက် ဒီနေ့ မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာထဲမှာ ရှိနေတဲ့ ဘ၀တူ တိုင်းရင်းသားပေါင်းစုံ လွတ်မြောက်ရေးကို ရှေ့ရှုခဲ့တယ်။ အဲဒီအတွက် လှုပ်ရှားခဲ့တယ်။ ဆိုတော့ အခြေ အနေအရ ပေါ်ပေါက်လာတဲ့ ပင်လုံထက်စောစီးစွာ ဆရာတော်က ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပြည်ထောင်စု မျိုးစေ့ကို ချပေးခဲ့တယ်။
ပြည်ထောင်စုတည်ဆောက်ရေး ရှေးရှုမှုတွေနဲ့ လွတ်လပ်ရေး မီးရှုးတန်ဆောင်ကို ထွန်းညှိခဲ့တယ်။ ဆရာတော် ဦးဥတ္တမရဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွေးအခေါ်တွေကြောင့် အဲဒီခေတ် ရခိုင် လွတ်လပ်ရေး အင်အားစုတွေဟာ ဆရာတော်ကို မနှိက်ခြိုက်ကြဘူး။ အဲဒီခေတ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဒီနေ့အချိန်ထိ သက်ရောက်မှုတွေ ပျက်ပြယ်သေးတာ မဟုတ်သေးဘူး။ ဒါပေမယ့် တချို့ ရခိုင် အင်အားစုတွေ အဖွဲ့အစည်းတွေက ပြည်ထောင်စု တည်ဆောက်ရေးလုပ်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမကို ရခိုင်ဖြစ်လို့ နိုင်ငံအသိအမှတ်ပြုမခံရတာကို တော်လှန်တဲ့အနေနဲ့ လှုပ်ရှားမှုတွေ လုပ်ကြတာကို တွေ့ရပါတယ်။
ဒီနေ့ ဆရာတော် ဦးဥတ္တမ ခင်းခဲ့တဲ့ လမ်းကြောင်းကို ချီတက်နေတဲ့ ဘုန်းကြီးအချို့တောင် အသိအမှတ် ပြုချင်ပုံ မပေါ်ပါဘူး။ ဆရာတော် ဦးဥတ္တမရဲ့ တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေကို တောင် ချောင်ထိုးချင်ပုံပါဘဲ။
ဆရာတော် ဦးဥတ္တမရဲ့ တိုင်းပြည် လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းတွေအရ ကောက်ချက်ချရရင် ဆရာတော် ဦးဥတ္တမဟာ ပြည်ထောင်စု ဗိသုကာအဖြစ် မော်ကွန်းထိုးရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်နဲ့ ပြည်ထောင်စု မတည်ဆောက်ချင်သူတွေ ပြည်ထောင်စု အမည်ခံပြီး တပြည်ထောင်စနစ် (သို့မဟုတ်) ပဉ္စမ မြန်မာ နိုင်ငံတော်ကို တည်ဆောက်ချင်သူတွေ အတွက်တော့ ဆရာတော် ဦးဥတ္တမကို နိုင်ငံတော်အနေနဲ့ ထိုက်ထိုက် တန်တန် ဂုဏ်မပြုဘဲ ဆက်လက်ချိုးနှိမ်အုံးမှာကတော့ သေချာပါတယ်။
၁၉၉၆ စစ်တွေ စာပေဟောပြောပွဲမှာ ဆရာပါရဂူက “ဆရာတော်ကို မေ့မထားသင့်ပါ၊ စစ်တွေမှာ ဆရာတော် နာမည်နဲ့ ခန်းမဆောက်ပြီး ကြေးရုပ်တုရှိတယ်၊ ကျွန်တော် အများကြီး ၀မ်းသာ ကြည်နူးမိတယ်။ ဒီအတိုင်း အတာနဲ့ အားမရပါ။ နိုင်ငံအတိုင်းအတာနဲ့ လုပ်စေချင်ပါတယ်” လို့ စာရေးဆရာ ပါရဂူက ဆရာ ပြောကြားခဲ့တဲ့ မှတ်တမ်းကို ကျနော် လေ့လာ ဖတ်ရှုခွင့် ရခဲ့တယ်။
ဆရာတော် ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေး၏ တပ်ဦး၊ မြန်မာ့လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်၊ မြန်မာ့ လွတ်လပ်ရေး အစ ဦးဥတ္တမ၊ မြန်မာ့လွတ်လပ်ရေး၏ လင်းရောင်ခြည်၊ အာဇာနည် ဦးဥတ္တမ၊ အကြမ်းမဖက် လှုပ်ရှားမှု ခေါင်းဆောင်၊ အာရှနေ၀န်း၊ အဖိနှိပ်ခံအားလုံး၏ သင်္ကေတ စသည့် ဂုဏ်ပုဒ်တွေဟာ စာထဲမှာ ရှိပြီး လက်တွေ့ ဘာမှ မရှိခဲ့ပါဘူး။ ဆရာတော်လည်း ဗုဒ္ဓဘာသာ သဘောအရ ၀ဋ်လည်ရှာတယ်နဲ့ တူတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်မှာ ဦးဥတ္တမလမ်း၊ ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမခန်းမ၊ ဦးဥတ္တမရုပ်တု ဘာမှ မရရှိခဲ့ဘဲ ဆရာတော် ဦးဥတ္တမ ပြောခဲ့ဖူးသလို “ဂရက်ဒေါက် ဂတ်ဒ်အောက်” ဆိုပြီး အင်္ဂလိပ်ဘုရင်ခံချူပ် ကို မြန်မာပြည်ကနေ မောင်းထုတ်ခဲ့တဲ့အတိုင်း ခုလည်းပဲ “ဦးဥတ္တမ ဂတ်ဒ်အောက်” ဆိုပြီး နှင်ထုတ်ခံခဲ့ရတော့ ရခိုင်ပြည်ကို ပြန်လာခဲ့ရတယ်နဲ့ တူပါတယ်။
ဆရာတော် ဦးဥတ္တမအကြောင်း ဆောင်းပါးရေးရင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်း ဖြစ်စဉ်ကို သွားပြီးတော့ သတိရမိတယ်။ နေရူးကို အိန္ဒိယ သမိုင်းဆရာတွေက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင် အဖြစ် မော်ကွန်းမထိုးဘူး။ မဟတ္တမ ဂန္ဒီကြီးကို လွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးခဲ့ကြတာကို သတိရ သွားတယ်။ ကျွန်တော်တို့ နိုင်ငံက ဆရာတော် ဦးဥတ္တမကို လွတ်လပ်ရေးမော်ကွန်းထိုးဖို့ အဆိုတင် သွင်းရင် တော်တော်လည်း အုတ်အော်သောင်းနင်း ဖြစ်သွားမလား မသိဘူး။ ရန်ကုန်မှာ ဦးဥတ္တမ ပန်းခြံကို ပြန်ရုတ်သိမ်း၊ ဦးဥတ္တမ ရုပ်တုက ပန်းပုဆရာ ဦးဟန်တင်ရဲ့ အိမ်ကို ရောက်သွား၊ ဒီတစ်ခါ လွတ်လပ်ရေး ဖခင်အဖြစ် မော်ကွန်း ရေးထိုးပေးဖို့ တောင်းဆိုရင်တော့ စစ်တွေမှာရှိတဲ့ ဆရာတော် ဦးဥတ္တမရဲ့ အထိမ်းအမှတ်တွေအားလုံး ပြန်ပြီးတော့တောင် ရုတ်သိမ်းပစ်သွားမလားဆိုတာ မပြောနိုင်ဘူး။
ဘာပဲပြောပြော အင်အားရှိသူတွေဟာ သမိုင်းကို အသစ်ပြန်ရေးနိုင်ကြတော့ အဲဒီလို အင်အားနဲ့ သမိုင်းကို အသစ်ပြန်ရေးရင်း တဖက်မှာလည်း သမိုင်းမှန်တွေကို ချေဖျက်ပစ်တတ်ကြတယ်။ ဒါပေမယ့် အမှန်တရားက တော့ တနေရာမှာ ခေါင်းမော်ကြည့်နေမှာပါ။
Sunday, October 10, 2010
ရခိုင့်နိုင်ငံရေးသမိုင်း စာအုပ်သစ် အခမဲ့ဖြန့်ဝေ
မိုးမိုးကျော် (Arakan Review)
စက်တင်ဘာလ (၂၁)၊ ၂၀၁၀။
ဆရာခိုင်မျိုးစောင့် ရေးသားသော “ပါလီမန်ဒီမိုကရေစီခေတ် ရခိုင်ပြည်နိုင်ငံရေးနှင့် မျက်မှောက်ခေတ် ဘူးသီးတောင်၊ မောင်တောအခြေအနေ”ဟု အမည်ပေးထားသည့် ရခိုင်နိုင်ငံရေးစာတမ်းကြီးကို ရခိုင်မျိုးစောင့်အုပ်စုမှ ထုတ်ဝေဖြန့်ချီလိုက်ကြောင်း သိရှိရသည်။ သည်စာအုပ်တွင် ပါမောက္ခ ဒေါက်တာ အေးချမ်းနှင့် ထုတ်ဝေသူ ခိုင်ထူး (ရခိုင်မျိုးစောင့်အုပ်စု) တို့က အမှာစာ ရေးပေးထားကြသည်။
ဒေါက်တာအေးချမ်းက သူ၏ အမှာစာတွင် “ဆရာခိုင်မျိုးစောင့် ရေးသည့် စာတမ်းအတွက် ကျွန်တော်က အမှာစာရေးရမည်ဆိုလျှင်ပင် ကျွန်တော်မ၀ံ့မရဲ ဖြစ်ရပြီ။ ဆရာကား ကျွန်တော်တို့ ကျောင်းသားဘ၀ကပင် ရခိုင်စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စသည်တို့ကို သုတေသန လုပ်လာခဲ့သူ ဖြစ်သည်” ဟု ရေးသားထားပါသည်။
ထုတ်ဝေသူခိုင်ထူးကလည်း “ဆရာခိုင်မျိုးစောင့်သည် ဆောင်းပါးတို ကလေးများ ရေးပြီး စာအုပ်တစ်အုပ်အဖြစ် စုစည်းလိမ့်ဟု ကျွန်တော် ထင်မြင် ခဲ့ခြင်းမှာလည်း လွဲမှားနေသည်။ ဆရာသည် အထူး အပင်ပန်းခံကာ အလွန်တိကျခိုင်မာစွာဖြင့် စာတမ်းကြီး တစ်စောင်အဖြစ် ရေးသား ထားသည်ကို စာဖတ် ပရိတ်သတ်များလည်း တွေ့မြင်ရပါလိမ့်မည်။” ဟု အစချီကာ ရေးသား ထားပါသည်။
ဤစာတမ်းသည် ရခိုင် အမျိုးသားများအတွက်သာမက ရခိုင့် နိုင်ငံရေးသမိုင်းကို သိရှိလိုသူ လူမျိုးခြားများ အတွက်လည်း အထူး အကျိုးရှိမည်ဟု ဆိုပါသည်။
ဤစာတမ်းသည် ပညာရပ်ဆိုင်ရာ စာတမ်းကြီးတစ်စောင် မဟုတ်ဟု စာရေးသူ ဆရာခိုင်မျိုးစောင့်က ဆိုထားသည်။ သို့သော်လည်း ရခိုင် အမျိုးသားများ အတွက်သာမက ရခိုင့်နိုင်ငံရေး သမိုင်းကို သိရှိလိုသူတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ကြီးကို ဖြည့်ဆည်းပေးသည့် ခိုင်မာသော စာတမ်းကြီး တစောင်ဖြစ်သည်ဟု ထုတ်ဝေသူက ရေးသားထားပါသည်။
စာအုပ်တွင် ရိုဟင်ဂျာပြဿနာ၊ ရခိုင်ပြည်နိုင်ငံရေး သမိုင်းကြောင်းနှစ်ရပ်ပါဝင်ပြီး ရိုဟင်ဂျာ အမည်ခံသူများ၏ လံကြုပ်သမိုင်းကိုလည်း ပေါ်လွင်အောင် ရေးသားထားပါသည်။ ဖဆပလခေတ် “ရခိုင်ပြည်နယ်” ရရှိရေးကြိုးပမ်းစဉ် ခေါင်းဆောင်များ မညီညွတ်ကြပုံများ၊ သင်ခန်းစာ ယူစရာများ ပါဝင်သည်ဟု သိရပါသည်။
စာအုပ်နောက်ကျောဖုံးတွင် “ယခု (၂၀၁၀) ခုနှစ်၊ မြန်မာနိုင်ငံ အခြေအနေတွင် ရခိုင်များသာမက မြန်မာနိုင်ငံသား အားလုံး ဤစာအုပ်ကို ဖတ်မှတ်ထားသင့်သည်။ တိုက်ကြက်ဖက်ကြီးက တခြံလုံးကို ဗိုလ်လုပ်မင်းမူနေသော လက်ရှိ မြန်မာနိုင်ငံအခြေအနေတွင် ဤစာက မည်သို့ အသုံးတည့်မည်နည်း….ဟု စာဖတ်သူ စဉ်းစားနေလျှင် ကျွန်တော်တို့ ပြောလိုသည်မှာ….. ကြက်နင်းပြားများအဖို့ သာမက တိုက်ကြက်ဖက်ကြီးတို့အတွက်ပါ ကြက်တမျိုးလုံး မျိုးပြုတ်သွားစေနိုင်သည့် ပြင်ပမှ တောခွေးအုပ်ကြီး၏ အန္တရာယ်ကို ဤစာအုပ်တွင် သမိုင်းနှင့် ချီဖော်ပြထားသည်။ ထိုရန်မီးကို သတိပြု အရေးထားလာကြလျှင် အိမ်ကြက်ချင်း ခွပ်နေကြသော မြန်မာကြက်များ အမျိုးသားညီညွတ်ရေးကို တည်ဆောက် နိုင်မည်ဖြစ်သည်သည်။ – ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakhitta Group)” ဟု ရေးထားပါသည်။
စာအုပ်မှာယူလိုသူမည်သူမဆို အောက်ပါ လိပ်စာများကို ဆက်သွယ်၍ အခမဲ့မှာယူနိုင်ကြောင်း သိရှိရပါသည်။
Address - ROOM(502), SUNRISE COPO, RHK DAI (4) BERU, NISHI NIPPORI, 2-54-5,
ARAKAWA KU, TOKYO, (〒 116-0013) JAPAN,
Email – arakanrakhittagroup@yahoo.com
Phone - 81(0)3-6806-6326
အောက်ပါပုဂ္ဂိုလ်များထံသို့လည်း ဖုန်းဆက်မှာယူနိုင်ပါသည်။
Kyaw Than Hlaing – (81)90-4296-3490
Than Myint Aung – (81)80-5179-8730
Kyaw Lin Aung – (81)80-3713-1789